လူသိနည်းသော သူတို့အကြောင်းများ
(၄)
Calcium
ကယ်လ်စီယမ်ဆိုတာ…။
“ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁.၅ ရာခိုင်နှုန်းဟာ ကယ်လ်စီယမ်တွေဖြစ်ပြီး အဲဒီအထဲက ၉၉ ရာခိုင်နှုန်း ကိုတော့ အရိုးနဲ့ သွားတွေမှာ သုံးကြပါတယ်၊ ကျန်တာတွေ ကိုတော့ တခြား အင်္ဂါအစိတ်အပိုင်းတွေမှာ တခြားအလုပ်တွေလုပ်ဖို့ သုံးစွဲကြပါတယ်” လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။ ဒါကြောင့် ကျွန်မတို့ ခန္ဓာကိုယ် အတွက် အလိုအပ်ဆုံးသတ္တု ဓါတ်တွေထဲမှာ ကယ်လ်စီယမ်လည်း တခုအပါအဝင်အဖြစ် ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ ကယ်လ်စီယမ်ဟာ ဘယ် နေရာအတွက် အရေးပါတယ် ဆိုတာကို မသိခင်အချိန်တည်းက လူတွေဟာ ကယ်လ်စီယမ်ြွကယ်ဝတဲ့ အစားအစာ တွေဟာ လူတွေကို အထောက်အကူပြုတယ်ဆိုတာကို လက်ခံခဲ့ကြပါတယ်။
ဒီလိုအစားအစာတွေဟာ အရိုးကို အထောက်အကူပြုတယ်၊ သူတို့ချို့တဲ့တဲ့ အစားအစာတွေကြောင့် အရိုးနာ ကျင်တာတွေ၊ အရိုးပါးတာတွေ ဖြစ်လာတယ်ဆိုတာကို သိလာချိန်မှာတော့ သူတို့ကို ဘယ်ကနေ ရတယ်ဆိုတဲ့ အရင်း အမြစ်အပြင် ဘယ်လောက်ပမာဏအထိ စားသင့်တယ်ဆိုတာကိုပါ ဆက်ပြီးလေ့လာခဲ့ကြပါတယ်။ ပုံမှန်အား ဖြင့်တော့ ကျွန်မတို့ စားသောက်နေတဲ့ အစားအစာတိုင်းလိုလိုကနေ ကယ်လ်စီယမ်ကို ရတာချည်းပါပဲ။ ဒါပေမယ့် သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့်ပဲ လျော့နည်းသွားတတ်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ချို့တဲ့မှုပြဿနာတွေကိုပါ ခံစားလာရပါတော့တယ်။
(က) ကယ်လ်စီယမ်က ဘာတွေလုပ်ပေးနိုင်သလဲ။
ကျွန်မတို့အားလုံးကတော့ အရိုးနဲ့ သွားတွေ ဖြစ်ပေါ်ဖို့၊ သန်သန်စွမ်းစွမ်းရှိဖို့အတွက် ကယ်လ်စီယမ်ကို မရှိမဖြစ် လိုအပ်တယ်ဆိုတာကို သိထားကြပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ဟာ Phosphorus ခေါ်တဲ့ သတ္တုဓါတ်တစ်မျိုးနဲ့ ပေါင်းပြီးတော့ Calcium phosphate ဖြစ်သွားပါတယ်။ အဲဒီလို Calcium phosphate သတ္တုဓါတ်အစုလေးဟာ အရိုးတွေကို တည်ဆောက်ပေးသလို အရိုးတွေ တည်မြဲဖို့အတွက်လည်း ထိန်းထား ပေးပါသေး တယ်။ ဒါကြောင့် သင့်တော်တဲ့ ကယ်လ်စီယမ် ပမာဏကို ထိန်းထားနိုင်ခြင်းဟာ အရိုးပွရောဂါကို ကာကွယ်နိုင်ဖို့ အတွက် အထိရောက်ဆုံး နည်းလမ်းပါပဲ။
အရိုးနဲ့ပတ်သက်တဲ့ ဖြစ်စဉ်တွေအပြင် တခြားအလုပ်တွေကိုလည်း ကယ်လ်စီယမ်က လုပ်ဆောင်နိုင်ပါသေး တယ်။ သွေးတိတ်စေတဲ့၊ သွေးခဲစေတဲ့ ဖြစ်စဉ်တွေ၊ အာရုံကြော ချိတ်ဆက်မှုတွေအတွက် လိုအပ်သလိုြွကက်သားတွေ ပုံမှန်အတိုင်း အကျုံ့အဆန့်လုပ်နိုင်ဖို့အတွက်လည်း ကယ်လ်စီယမ်က အရေးကြီးပါတယ်။ ခန္ဓာကိုယ် ပုံမှန်အတိုင်း ရပ်တည် အလုပ်လုပ်နိုင်ဖို့အတွက် ဟော်မုန်းတွေ၊ ဓါတုပစ္စည်းတွေ ဖြစ်ပေါ်ဖို့ ကယ်လ်စီယမ်ကို လိုအပ်သေးသလို ပုံမှန် နှလုံးခုန်တာကို ထိန်းထားဖို့ အတွက်လည်း ကယ်လ်စီယမ်က များစွာကူညီပေးနိုင်ပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့၊ သံဓါတ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့၊ ဆဲလ်တွေ တည်ဆောက်ဖို့ ကူညီပေးသလို ဗီတာမင် ဘီ ၁၂ တွေ စုပ်ယူဖို့အတွက်လည်း အရေးပါနေပါတယ်။ တချို့သူတွေမှာဆိုရင် ကယ်လ်စီယမ် ဟာ ကြွက်တက်တာကိုတောင်မှ ကာကွယ် ပေးပါတယ်။
(ခ) ကယ်လ်စီယမ်ကို ဘယ်ကနေ ရနိုင်သလဲ။
အဲဒီလို အရေးပါတဲ့ ကယ်လစီယမ်တွေကို အစားအစာတော်တော်များများကနေ ရနိုင်တယ်ဆိုပေမယ့် ခန္ဓာ ကိုယ်အတွက်လိုအပ်တဲ့အထဲက ၇၅ ရာခိုင်နှုန်းဟာ နို့က ရတယ်လို့ ဆိုကြပါတယ်။ နို့နဲ့ နို့ထွက် အစားအစာတွေ ဖြစ်တဲ့ ဒိန်ချဉ်၊ ဒိန်ခဲ၊ ချိစ်တွေ၊ ထောပတ် တွေကနေ ကျွန်မတို့အတွက် လိုအပ်နေတဲ့ ကယ်လ်စီယမ်တွေကို ရယူနိုင်ပါတယ်။ ထောပတ်ကနေ ပေးနိုင်တဲ့ ကယ်လ်စီယမ်ဆိုရင်တော့ ကျွန်မတို့ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါတယ်။ အဆီထုတ်ထားတဲ့ နို့တွေမှာလည်း ကယ်လ်စီယမ်ပါဝင်မှုက ထူးထူးခြားခြားပြောင်းလဲမှု မရှိတာကြောင့် ဒီလို နို့တွေ ကိုလည်း သောက်ပေးနိုင်ပါတယ်။ ဒိန်ချဉ်တွေ၊ ထောက်ပတ်နို့တွေမှာဆိုရင် ကယ်လ်စီယမ် ပါဝင်မှုက မြင့်မားသလို အဆီပါဝင်မှုကလည်း နည်းတဲ့အတွက် တခြားအရာတွေထက် ပိုသင့်တော်ပါတယ်။ နို့ဟာ ကယ်လ်စီယမ်အပြင် အရိုးအတွက် အရေးပါတဲ့ Phosphorus & Magnesium တို့ကိုပါ ပေးနိုင်ပြီး သူတို့က ကယ်လ်စီယမ် စုပ်ယူမှု၊ သုံးစွဲမှုတို့ကိုပါ အကူအညီပေးနိုင်ပါတာကြောင့်
နို့ထဲမှာပါတဲ့ နို့သကြား Lactose ကို မချေဖျက်နိုင်တဲ့သူ Lactose intolerance တွေ အတွက်တော့ အခက်အခဲတွေ ရှိနိုင်ပေမယ့် အခုနောက်ပိုင်းမှာ Lactose-free milk တွေကို ဝယ်လို့ရနေတာကြောင့် အဆင်ပြေ တယ်။ ဒါ့အပြင် တခြားအစိမ်းရင့်ရောင် အရွက်တွေကလည်း ကယ်လ်စီယမ်ကို ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ကို ဖြည့်စွက်တဲ့နေရာမှာ ဆယ်လမွန်ငါး၊ ဆာဒေးငါး၊ နေကြာစေ့၊ အခွံမာသီးများ၊ ပဲသီးအခြောက်တွေကိုလည်း ကျွန်မတို့က လျစ်လျူရှု့ထားလို့ မရပါဘူး။ အခုနောက်ပိုင်းမှာတော့ ကယ်လ်စီယမ်ကို အစားအစာတော်တော်များများမှာ ဖြည့်စွက်လာကြပါတယ်။ လိမ္မော်ရည်၊ ပဲနို့၊ တို့ဟူး၊ အသင့်စား အစားအစာ၊ ကောက်ပဲသီးနှံတွေပါ ပေါင်းစပ်လာကြပါတယ်။ နို့ထွက်အစားအစာတွေကို မစားသောက်နိုင်တဲ့သူတွေ၊ သက်သက်လွတ် စားလိုသူတွေအတွက်တော့ အဆင်ပြေပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ ကလည်း ကယ်လ်စီယမ်တွေ သုံးစွဲမှုကို ကူညီပေးပါတာကြောင့် အခုနောက်ပိုင်း နို့တွေမှာ ဗီတာမင် ဒီ ကိုပါ ပေါင်းစပ်ထည့်ထားပါတယ်။
(ဂ) ကယ်လ်စီယမ်တွေကို ဘာတွေက လာပြီးသက်ရောက်ကြသလဲ။
ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေကို စားသောက်နေပေမယ့်လည်း ချို့တဲ့မှုတွေရှိလာပြီဆိုရင် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတဲ့ အချက်ကို ကျွန်မတို့ စဉ်းစားရတော့မယ်။ ကယ်လ်စီယမ်ပါတဲ့အစားအစာတွေကို ချက်ပြုတ်တဲ့ အခါမှာ သူတို့ ထဲမှာပါတဲ့ ကယ်လ်စီယမ်ကို လုံလုံလောက်လောက် ရဖို့အတွက် ဆိုရင် ရေနည်းနည်းနဲ့ အချိန်တိုတို အတွင်းမှာပဲ ချက်သင့်တယ်လို့လည်း ဆိုကြပါတယ်။ ဒီလိုအစားအစာတွေကိုစားနေတဲ့အချိန်မှာ တခြားဘယ်လိုမျိုးတွေ ကို စားသေးလဲ ဆိုတာကိုလည်း သတိထားရပါတယ်။ တချို့အမျှင်ဓါတ်တွေဟာ ကယ်လ်စီယမ်ကို လာပေါင်းပြီး စုပ်ယူ မှုကို အဟန့်အတားဖြစ်စေတာကြောင့် လိုအပ်တဲ့ကယ်လ်စီယမ်ကို အပြည့်အဝမရနိုင်တဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။
စားလိုက်တဲ့ အစားအစာတွေထဲမှာ အဆီဓါတ်တွေ များနေရင်တော့ ကယ်လ်စီယမ်ကို စုပ်ယူနိုင်မှုက လျော့ကျသွားပါတယ်။ အစာအိမ်ထဲမှာ သင့်တော်တဲ့ အက်ဆစ်ပမာဏရှိတဲ့အချိန်၊ ကိုယ်လက်လှုပ်ရှားမှုရှိချိန်၊ Parathyroid & estrogen hormones တို့လို ဟော်မုန်းတွေရှိချိန်မျိုးဆိုရင်တော့ ကယ်လ်စီယမ် စုပ်ယူမှုက ပိုကောင်းတယ်လို့ ဆိုကြပါတယ်။ ဒီလိုအချက်တွေအပြင် နောက်ထပ်အရေးကြီးတတာကတော့ ဗီတာမင် ဒီ ပါပဲ။ အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက် ကနေ ကယ်လ်စီယမ်တွေကို လုံလုံလောက်လောက် စုပ်ယူနိုင်ဖို့အတွက်ဆိုရင် ဗီတာမင် ဒီကို လိုအပ်ပါတယ်။
ဗီတာမင် ဒီကို အစားအသောက်တွေကနေ ရနိုင်သလို နေရောင်ခြည်နဲ့ အရေပြားထိတွေ့ချိန်မှာလည်း ရနိုင်ပါတယ်။ ဗီတာမင် ဒီ သာ မရှိနေဘူးဆိုရင်တော့ ကလေးတွေရော၊ လူကြီးတွေမှာပါ အရိုးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကြုံတွေ့လာနိုင်ပါသေးတယ်။ လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ အရေပြား ကနေ ဗီတာမင် ဒီ ကို ထုတ်လုပ်ပေးနိုင်မှုကလည်း နည်းသွားပါတယ်။ အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်၊ ကယ်လ်စီယမ်တွေ ကောင်းစွာစုပ်ယူနိုင်ဖို့အတွက် သူတို့တွေဟာ လုံလောက်တဲ့ ဗီတာမင် ဒီတွေကို လိုအပ်လာပါတယ်။ လေ့လာမှု တစ်ခုအရတော့ ဗီတာမင် ဒီကို ဖြည့်စွက်စားပေးတဲ့ အမျိုးသမီးတွေဟာ တခြားအမျိုးသမီးတွေထက် အရိုးနဲ့ ပတ်သက် တဲ့ ပြဿနာကို ကြုံတွေ့ရတာ နည်းတယ်လို့ ဆိုကြပါတယ်။
တချို့သူတွေမှာကျတော့ စားသောက်လိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ ကယ်လ်စီယမ်ကို မစုပ်ယူနိုင်တဲ့ ပြဿနာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ များသောအားဖြင့်တော့ ပန်ကရိယက ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့ သူတွေ၊ အူနဲ့ ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေမှာ အတွေ့ရများတတ်ပါတယ်။၊ အစားအစာနဲ့ ဓါတ်မတည့်မှု၊ သန်ကောင် တွယ်ကပ်ခြင်းတို့ကဲ့သို့ ကူးစက်ပိုးတွေဟာ ခန္ဓာကိုယ်ထဲကနေ ကယ်လ်စီယမ်တွေ စုပ်ယူမှုကို နည်းသွားစေပါတယ်။ အအေး၊ အမျှင်ဓါတ်ြွကယ်ဝတဲ့ အစားအစား၊ ကော်ဖီ၊ သကြားနဲ့ ဆားတို့ကတော့ ကယ်လ်စီယမ်တွေ အပြင်ကို ထွက်သွားဖို့ အားပေးကြပါတယ်။
(ဂ) ကယ်လ်စီယမ်က ဘာတွေနဲ့ ဓါတ်ပြုနိုင်သလဲ။
ကျွန်မတို့ သောက်သုံးနေကြတဲ့ အစာအာဟာရတွေ၊ ဆေးဝါးတွေလိုပါပဲ ကယ်လ်စီယမ်ကလည်း တခြားအရာ တွေနဲ့ ဓါတ်ပြုပြောင်းလဲမှုတွေရှိနေပါတယ်။ သူတို့ချင်းပေါင်းစပ်မှုကြောင့် အာနိသင် အပြန်အလှန်ဆုံးရှုံးမှုတွေဖြစ်တတ် တာကြောင့် အတော့ကို သတိထားဖို့လည်း လိုပါတယ်။
(၁) ပိုးသတ်ဆေးများ
Ceftriaxone လို ပိုးသတ်ဆေးနဲ့ ကယ်လ်စီယမ်ကို ထိုးဆေးအနေနဲ့ တွဲဖက် အသုံးပြုရင်တော့ အဆုတ်နဲ့ ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားစေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် Ceftriaxone သုံးပြီးလို့ နောက်ထပ် ၄၈ နာရီလောက် ကြာတဲ့အခါမှသာ ကယ်လ်စီယမ်ကို သုံးစွဲသင့်ပါတယ်။ ပိုးသတ်ဆေးသောက်နေတဲ့အချိန်မှာ ကယ်လ်စီယမ်တွေကို ရေရှည်စွဲသောက်မယ်ဆိုရင် ပိုးသတ်ဆေးတွေရဲ့ အာနိသင်ကျဆင်းသွားတတ်ပါတယ်။ Ciprofloxacin, Norfloxacin, Sparfloxacin တို့လို တခြားပိုးသတ်ဆေးတွေရဲ့ စုပ်ယူမှုကို ကျဆင်းစေပါတယ်။ ဒီလို ဓါတ်ပြုမှုမျိုး ကို ရှောင်နိုင်ဖို့အတွက်ဆိုရင် ကယ်လ်စီယမ် ဖြည့်စွက်ဆေးတွေကို ပိုးသောက်ဆေးသောက်ပြီးလို့ အနည်းဆုံး ၁ နာရီလောက် ကြာမှသာ သောက်သင့်ပါတယ်။ ကယ်လ်စီယမ်ဟာ အစာအိမ်ထဲကိုရောက်နေတွဲှ့ Tetracycline ကို သွားရောက်ကပ်တွယ်လိုက်ပြီး စုပ်ယူမှုကို လျော့ကျစေတာကြောင့် Tetracycline ရဲ့ အာနိသင်ပါ ကုန်ဆုံးသွားတတ်ပါတယ်။ ဒီလို ပိုးသတ်ဆေးမျိုးတွေဆိုရင်တော့ သူ့ကို မသောက်ခင် ၂ နာရီအလို၊ သောက်ပြီး ၄ နာရီလောက်ကြာတဲ့အခါမှသာ ကယ်လ်စီယမ်ကိုသောက်သင့်ပါတယ်။
(၂) Bisphosphonate များ
ကျွန်မတို့တွေဟာ အရိုးနဲ့ပတ်သက်ပြီး သုံးကြတဲ့ဆေးတွေ၊ အရိုးအားဆေးတွေကို နွားနို့နဲ့ တွဲသောက် တတ် ကြပါတယ်။ အဲ့ဒီလိုပေါင်းစပ်မှုတွေကနေ မလိုလားအပ်တဲ့ အာနိသင်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အရိုးပွရောဂါအတွက်သုံးတဲ့ Bisphosphonate တွေကို ခန္ဓာကိုယ်က မစုပ်ယူနိုင်အောင် ကယ်လ်စီယမ်က ဟန့်တားပေးပါတယ်။ သူ့ကြောင့် Bisphosphonate ဟာ အာနိသင် မပြနိုင်တော့ဘဲ အရိုးပွရောဂါကို ကာကွယ် နိုင်စွမ်း လျော့ကျသွားပါတယ်။ ဒီအတွက်အကောင်းဆုံးကတော့ ကယ်လ်စီယမ်မသောက်ခင် နာရီဝက်အလိုတည်းက Bisphosphonate ကို ကြိုသောက်ထားရင်ထား၊ မဟုတ်ရင် လည်း နောက်တနေ့ခြားပြီးမှသာ သောက်သင့်ပါတယ်။
(၃) နှလုံးရောဂါအတွက်သုံးသောဆေးများ
ကယ်လ်စီယမ်ဟာ နှလုံးရောဂါအတွက်သုံးတဲ့ ဆေးတွေအပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ Digoxin ဆေးဟာ နှလုံးခုန်သံတွေ မှန်ကန်ကောင်း မွန်နေစေပါတယ်။ တကယ်လို့ ကယ်လ်စီယမ်နဲ့ Digoxin ကိုသာ အတူတူ တွဲသုံးမယ်ဆိုရင်တော့ သွေးထဲမှာ Digoxin ရဲ့ ပမာဏဟာ မြင့်တက်နေပြီး အာနိသင်တွေ တိုးကာ နှလုံးခုန်သံတွေ မမှန်တော့ပါဘူး။ ဒါကြောင့် Digoxin ဆေး သောက်နေရတဲ့လူနာဟာ ကယ်လ်စီယမ်ကို ဖြည့်စွက် မသောက်သေးခင် မှာပဲ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Verapamil လို ဆေးမျိုးကို သောက်နေတဲ့အချိန်မှာ ကယ်လ်စီယမ်တွေ အများကြီး သုံးစွဲတာကလည်း နှလုံးကို ထိခိုက်စေတာကြောင့် သတိထားရပါတယ်။
(၄) Levothyroxine ဆေး
သိုင်းရွိုက်ဟော်မုန်း နည်းနေသူများမှာ အသုံးပြုကြတဲ့ Levothyroxine တွေရဲ့ စုပ်ယုမှုပမာဏကိုလည်း ကယ်လ်လစီယမ်က ကျဆင်းစေပါတယ်။ သူတို့ကို တွဲသုံးတဲ့အခါမှာ Levothyroxine ရဲ့ အာနိသင်ဟာ ကျဆင်းသွားတာကြောင့် သူတို့ ၂ မျိုးကို တွဲသုံးကြတဲ့အခါမှာ အနည်းဆုံး အချိန် ၄ နာရီလောက် ခြားသုံးသင့်ပါတယ်။
(၅) ဆီးဆေးများ
Chlorothiazide, hydrochlorothiazide, indapamide, chlorthalidone တို့လို ဆီးဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကယ်လ်စီယမ်တွေရဲ့ ပမာဏကို မြင့်တက်စေပါတယ်။ ကယ်လ်စီယမ်ပါဝင်တဲ့ ဆေးနဲ့ ဆီးဆေးတွေ ကိုသာ တွဲသုံးမိရင် ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်တွေ များသွားပြီး ကျောက်ကပ်ကို ထိခိုက်စေတတ်ပါတယ်။
(၆) အရက်
ကယ်လ်စီယမ် စုပ်ယူမှုနဲ့ အရိုးပွရောဂါနေရာမှာ အရက်ရဲ့ သက်ရောက်မှုက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အရက်ကို တစ်ပတ်မှာ ၃ – ၄ ကြိမ်သောက်တာဟာ အရိုးရဲ့ သိပ်သည်းဆမြင့်တက်စေပါတယ်။ အရက်ကို နည်းနည်း သောက်ခြင်းက အီစထရိုဂျင်ကို မြင့်တက်စေပြီး အဲ့ဒီလိုမြင့်တက်လာတဲ့ အီစထရိုဂျင်ဟာ ကယ်လ်စီယမ်နဲ့ တခြား သတ္တု ဓါတ်တွေကို ခန္ဓာကိုယ်ကနေ အသုံးချစေဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် အရက်ကို ကြာရှည်များများသောက်ရင်တော့ သူဟာ အီစထရိုဂျင်ကို မြင့်တင်ရမယ့်အစား အစားအစာတွေမှာပါတဲ့ အရိုးတည်ဆောက်ပေးတဲ့ သတ္တုဓါတ်တွေကိုပါ လျော့ပါးစေတတ်ပါသေးတယ်။
(၇) တခြားဆေးများ
ကယ်လ်စီယမ်ပါတဲ့ ဆေးတွေ၊ နို့နဲ့ နို့ထွက်အစားအစာတွေဟာ ဆေးတွေရဲ့ စုပ်ယူမှုကိုပြောင်းလဲ ပေးသလို တချို့ဆေးတွေကလည်း ခန္ဓာကိုယ်ပြင်ပကို ဆေးတွေ ထွက်သွားဖို့ကို အားပေးကြပါတယ်။ Cortico- steroids တွေ၊ Aluminium ပါတဲ့ ဆေးတွေ၊ အတက်ရောဂါအတွက်သုံးတဲ့ဆေးတွေ၊ ဟော်မုန်းအစားထိုး ကုသမှုခံယူမှုတွေကြောင့် ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်တွေ ချို့တဲ့နေတတ်ပါတယ်။ ကယ်လ်စီယမ်တွေ ကောင်းကောင်း အလုပ်လုပ်ဖို့အတွက်ဆိုရင် Phosphorus လို့ ခေါ်တဲ့ သတ္တုဓါတ်တစ်မျိုးကိုလည်း လိုအပ်နေပေမယ့် သူသာ တအားများခဲ့ရင်တော့ ကယ်လ်စီယမ်တွေကို ပိုလိုအပ်လာပြီး မဖြည့်စွက်ပေးနိုင်တဲ့အခါ ကယ်လ်စီယမ် ချို့တဲ့မှုကို ခံစားရ စေတတ်ပါတယ်။
(ဃ) ကြုံတွေ့လာနိုင်သည့် အန္တရာယ်
တခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေလိုပါပဲ။ ကျွန်မတို့ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်တွေ များလွန်းတာ၊ နည်းလွန်းတာမျိုးတွေရှိလာရင် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိလာပါတယ်။ ကယ်လ်စီယမ်တွေ များပြားနေတဲ့အခါ မဂ္ဂနီစီယမ်၊ သံဓါတ်၊ ဖော့စဖရပ်တွေအပြင် တခြား အာဟာရဓါတ်တွေကို ခန္ဓာကိုယ်က စုပ်ယူမှု လျော့နည်း သွားပါတယ်။ ကယ်လ်စီယမ်ပါဝင်တဲ့ အစားအစာတွေကို များများစားလေ၊ မဂ္ဂနီဆီယမ်အပြင် တခြားအရိုးအတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေကို လိုအပ်လေပါပဲ။
ဒီတော့ ဖြည့်စွက်စာ အာဟာရတွေ၊ အားဆေးတွေမှာ ကယ်လစီယမ်တစ်မျိုးတည်းသာ ပေါင်းစပ်ထားမယ် ဆိုရင် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်ရဲ့ အချိုးအစား မညီမျှတဲ့ ပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ အဲဒီကနေမှ တဆင့် လူတွေရဲ့ အရိုးငြမ်းအဖွဲ့အစည်းဟာ ပုံစံ ပျက်ယွင်းလာပြီး အရိုးပါး၊ အရိုးပွတဲ့ ပြဿနာတို့ကိုပါ ခံစားရတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ရဲ့ အချိုးအစားဟာ မဂ္ဂနီဆီယမ်ထက်သာ များလာခဲ့မယ်ဆိုရင် ပိုလျှံနေတဲ့ ကယ်လ်စီယမ်တွေဟာ နူးညံ့တဲ့ နေရာတွေမှာသွားရောက်ပြီး စုပုံနေတတ်ပါတယ်။ အဲဒီကနေ နောက်ဆက် တွဲအနေနဲ့ ကျောက်ကပ်၊ သွေးကြောနဲ့ နှလုံးတို့မှာ ကယ်လ်စီယမ်တွေဟာ အများအပြားရောက်ရှိသွားပြီး အန္တရာယ် ပေးလာတတ်ပါတယ်။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်တွေ အချိန်အခိုက်အတန့်လေးပဲ မြင့်တက်နေတာဟာ သိပ်ပြီးတော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူတို့ကို လက်ခံထားတာ ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ဖြစ်လာ ပါတယ်။ ဒီတော့ ကျွန်မတို့တွေဟာ ကယ်လ်စီယမ်ပါတဲ့ ဖြည့်စွက် အားဆေးတွေ ကို သောက်တော့မယ်ဆိုရင် သတိထားဖို့ လိုလာပြီ။ မိမိပြသနေတဲ့ ဆရာဝန်ကို မိမိသောက်နေတဲ့ဆေးတွေ၊ တခြားအားဆေးတွေ အကြောင်း ကို ပြောပြထားတာ ကတော့ အကောင်းဆုံးပဲ။
အရင်တည်းက ကယ်လ်စီယမ်ပါတဲ့ အားဆေးသောက်နေသူတွေ၊ သွေးထဲမှာ ကယ်လ်စီယမ်မြင့်တက်နေသူတွေမှာ အတော့ကို သတိထားရတော့မယ်။ ကျောက် ကပ်ရောဂါရှိသူ၊ ကြာရှည်ဝမ်းချုပ်တတ်သူ၊ အူရောင်နေသူ၊ ဝမ်းလျှောနေတဲ့သူ၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစီးနေသူ၊ နှလုံးခုန်သံ ပုံမှန် မဟုတ်တဲ့သူ၊ နှလုံးရောဂါ သို့မဟုတ် သွေးတိုးရောဂါတို့ကြောင့် Calcium Channel ပိတ်ပေးတဲ့ ဆေးတွေကို သောက်နေရသူတွေ အနေနဲ့ ကယ်လ်စီယမ်တွေကို ဖြည့်စွက်စားတဲ့အခါမှာ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ဖို့ကို လိုအပ်ပါသေးတယ်။
အရိုးတွေဟာ ကယ်လ်စီယမ်သိုလှောင်ကန်ကြီးပါပဲ။ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်တွေ လျော့နည်းလာတဲ့အခါ အရိုးမှာရှိတဲ့ ကယ်လစီယမ်တွေကို ထုတ်ယူ သုံးစွဲပါတော့တယ်။ အဲဒီကယ်လ်စီယမ်ဓါတ်ကို အစားအသောက်တွေကနေ ပြန်လည် ဖြည့်စွက်ပေးရမှာပါ။ ဒါပေမယ့် အစားအသောက်ထဲမှာ လုံလုံလောက်လောက် မပါတော့ဘူး ဆိုရင်တော့ အရိုးကို ပြန်လည် မဖြည့်ပေးနိုင်တော့ပါဘူး။ ကယ်လ်စီယမ်တွေ နည်းတော့ အိပ်မပျော်တာ၊ြွကက်တက်တာ၊ ရာသီလာစဉ် ကိုက်ခဲ နာကျင် တာတွေပါ ခံစားလာရတယ်။ ကြာရှည်ဆိုရင် အူကင်ဆာ၊ ရင်သားကင်ဆာတို့ကိုပါ ခံစားရ စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်စီယမ်လျော့နေတာက လမစေ့ဘဲ ကလေးမွေးတဲ့ ပြဿနာကိုပါ ခံစား လာရတယ်။
ကျွန်မတို့ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် ကယ်လ်စီယမ်ကို လိုအပ်နေကြပါတယ်။ နေ့စဉ် စားသောက် နေတဲ့ အစားအစာတွေကနေ လုံလောက်အောင် မဖြည့်တင်းနိုင်တဲ့အခါမှာ ပြင်ပကနေ ဖြည့်စွက်စားသုံးပေးရ ပါတောမယ်။ ကယ်လ်စီယမ်တွေကို ဘယ်လောက်ဖြည့်စွက်သောက်မယ်ဆိုတာကလည်း လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဆက်စပ်နေပါသေးတယ်။ အသက်အရွယ်၊ ယောကျာ်း၊ မိန်းမဆိုတဲ့ ရိုးရှင်းတဲ့အခြေခံ အချက်တွေပေါ်မှာ မူတည်ပြီးတော့ သုံးစွဲရမယ့် ပမာဏပြောင်းလဲမှုက ရှိနေပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးတွေသန်မာဖို့၊ ကျန်းမာရေး ကောင်းမွန်ဖို့မရှိမဖြစ်လိုအပ်တာမှန်ပေမယ့် အရိုးပွတာကို ကာကွယ်ဖို့အတွက်ဆိုရင် သူတစ်ခုတည်း လိုအပ်တာ မဟုတ်ပါဘူး။ ကယ်လ်စီယမ်တွေ များလွန်းတာကြောင့် တခြားသတ္တုဓါတ်တွေ ချို့တဲ့မှုတွေ၊ အာဟာရဓါတ်ချို့တဲ့မှုတွေ၊ ဆေးဝါးတွေရဲ့ အာနိသင် လျော့ပါးမှုတွေဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ကျွန်မတို့အားလုံး သိထားရပါလိမ့်မယ်။
Health For All Magazine
September, 2011